Archive for the ‘ခရီးသွား’ Category

ဧရာဝတီ၊ ပုဂံပြည်နှင့် မြစေတီပါဠိပုံရိပ်များ

January 26, 2017

myazedi-inscription_pali

ပုဂံရဲ့ အလှအပဟာ လင်းလက်တဲ့ အခါမှ မှောင်မိုက်တဲ့ အခါမှ နေဝင်မှ နေထွက်မှ လသာမှ လမိုက်မှ မိုးရွာမှ နေပူမှ ဖုံထူမှ မြူဆိုင်းမှ တွေ့ရတတ်တဲ့ လင်းရိပ် မှောင်ရိပ် နေရိပ် လရိပ် မိုးရိပ် ဖုံရိပ် မြူရိပ် သစ်ရိပ် ဝါးရိပ် စတဲ စတဲ့ ပုံရိပ်တွေရဲ့ ခမ်းနားထည်ဝါမှု အိုမင်းယိုယွင်းမှု ပုံသဏ္ဍာန်အစုစုနဲ့ ခင်းကျင်းပြသလို့ မဆုံးနိုင်ပါဘူး။

အာရုံနိမိတ်ပုံတွေနဲ့ တကယ့်ကို မျောပါလွင့်မောစရာကောင်းလှတဲ့ ပုဂံရဲ့ အရိပ်အရောင်တွေကြားမှာ တခုတ်တရ ပုံတစ်ရာ စာတစ်လုံး သိမ်းကြုံးဆွဲငင်နေတဲ့ မှတ်သားစရာ အဖွဲ့အနွဲ့တစ်ခုကတော့ မြစေတီကျောက်စာပါ။ ပျူ မွန် မြန်မာ ပါဠိ ဘာသာစကား ၄မျိုးနဲ့ သီကုံးချယ်မှုန်းထားတဲ့ ပုဂံရဲ့ လက်ရေးပုံရိပ်တစ်ခုလို့ ပြောနိုင်တယ်။

ပိဋကတ်မှာ စာတစ်လုံး ဘုရားတစ်ဆူလို့ ဆိုကြတယ်။ မြစေတီကျောက်စာကိုတော့ စာတစ်လုံး နှလုံးတစ်စုံလို့ ဆိုနိုင်မယ်။ ပုဂံရဲ့ ရင်ခုန်သံတွေကို အတိုင်းသား ကြားရစေမယ့် မြစေတီကျောက်စာကို ဖတ်ဖို့ အကြောင်းတိုက်ဆိုင်လာတာ တကယ့်ကို ကံကောင်းခြင်းမင်္ဂလာတပါးပါပဲ။

မြစေတီကျောက်စာ ပါဠိမူကို အေးဆေး ဖတ်ဖို့ အစီအစဉ် ရှိထားတယ်။ ပုဂံပြတိုက်ရှိ ကျောက်စာမူ စာကြောင်းရေ ၄၁ကြောင်း၊ မြစေတီရင်ပြင်ပေါ်ရှိ ကျောက်စာမူ စာကြောင်းရေ ၄၀ကို တစ်လုံးချင်း တပုဒ်ခြင်း တစ်ကြောင်းချင်း ဖတ်သွားဖို့ပါပဲ။ တစ်နေ့ တလံ ပုဂံ ဘယ်ရွေ့ပါ့မလဲ….။

Advertisements

အသောကခြေရာ (၆)

December 23, 2013

ဤခရီးနီးသလား၊ ငါးနာရီ လာရ၏တဲ့။  ဘယ်လို ခရီးလဲတော့မသိ။ ကိုယ့်သွားရမယ့် ခရီးကခမျာ အကြောင်းမညီညွတ်တော့ ၇နှစ်ကြာတယ်။ ၂၀၀၆ခုနှစ်က စတင်သိရှိ သင်ကြားလေ့လာခဲ့ရတဲ့ အသောကကျောက်စာတစ်ချပ်ကို ၇နှစ်ကြာမှ မျက်ဝါးထင်ထင် မြင်ခွင့်ရခိုက် ခံစားရတဲ့ အရသာကတော့ ပြောမပြနိုင်လောက်အောင်ပါပဲ။

Kolkataက The Asiatic Society ပြတိုက်ထဲမှာ သိမ်းဆည်းပြသထားတဲ့ Bairat-Bhabraကျောက်စာကို တွေ့ရဖို့ အချိန်အတော်ကြာ စောင့်ခဲ့ရတယ်။ ခုတော့ ဆန္ဒပြည့်ဝခဲ့ပါပြီ။ သွားခဲ့ရတဲ့ ခရီးကတော့ အတော် ရှည်တယ်။

kolkata_01kolkata_02

၂၀၁၃ နိုဝင်ဘာ ၂၈မှာ Chandigarhကနေ Delhiကို Busနဲ့။ ပြီးတော့ ၂၉ရက်နေ့မှာ Gayaကို လေယာဉ်နဲ့။ Buddhagayaက မဟာဗောဓိစေတီတော်မှာ ကျင်းပတဲ့ 9ကြိမ်မြောက်Int’l Tipitaka Chantingပွဲတက်။ ၆ရက်နေ့ Gayaကနေမှ ရထားနဲ့ထွက်။

kolkata_03

Kolkataကို ရရက်နေ့မှာ ရောက်၊ The City of Joyလို့ တင်စားခံရတဲ့ Kolkataကို မရောက်တာ ၆နှစ်ရှိနေပြီ။ Howrahဘူတာရုံကြီးကို မှတ်မိနေသေးတယ်။ Rabindraတံတားရယ်၊ Hooghlyမြစ်ရယ်၊ အာရုံဦးရယ်က Kolkataမှ ကြိုဆိုပါ၏လို့ ပြောနေသလိုပင်။

kolkata_04kolkata_05

စနေ၊တနင်္ဂနွေ ၂ရက် ပြတိုက်ပိတ်ထား။ ကံဆိုးချင်တော့ Kolkataက Indian Museumကြီးလဲ ပြင်ဆင်ရေးလုပ်နေတာနဲ့ ပိတ်ထားလို့ မကြည့်ရ။ ၇ရက်နေ့ မနက်စာနဲ့ နေ့လည်စာ များသွားလားမသိ။ အစာမကြေဖြစ်ပြီး အအေးမိ ဖျားချင်သလိုလိုဖြစ်။

kolkata_07kolkata_06

၈ရက်နေ့ တစ်နေ့လုံး ဘယ်မှ မသွားနိုင်။  ၉ရက်နေ့ မနက်ပိုင်းမှာ Asiatic Societyပြတိုက်ဖွင့်တာနဲ့ ဝင်ကြည့်ခဲ့ရတယ်။ ကျောက်စာကို ဓာတ်ပုံရိုက်ခွင့် လျှောက်လွှာတင်ပြီး မွန်းလွှဲပိုင်းမှာ ဓာတ်ပုံရိုက်(ဗီဒီယိုလဲ မသိမသာ ရိုက်ခဲ့)ပြီး ညနေမှာ Kolkataကနေ Buddhagayaကို ပြန်လာခဲ့တယ်။ ၁၆ရက်နေ့မှာ Gayaကနေ Delhiကို ပြန်ခဲ့ပြီး ၁၈ရက်နေ့မှပဲ Chandigarhကို ပြန်ရောက်တော့တယ်။

kolkata_08

ဒီကျောက်စာရဲ့ မူရင်းနေရာက Rajasthanပြည်နယ် ရှေးဟောင်းမြို့တော်Bairat (Virat Nagar)အနီး Bhabraရွာ တောင်ကုန်းပေါ်ရှိ ဘုန်းကြီးကျောင်းပျက်ထဲမှာလို့ဆိုတယ်။ တရုတ်ဘုန်းတော်ကြီးXuánzàngလဲ ဒီနေရာကို ရောက်ခဲ့သတဲ့။ အဲဒီနေရာကို တစ်ခေါက်လောက်တော့ ရောက်ချင်သေးတယ်။ အကြောင်းညီညွတ်ရင်ပေါ့လေ။ ၁၈၄၀မှာ Captain Burtက ရှာဖွေ့တွေ့ရှိပြီး Kolkataက Asiatic Society of Bengalကို ပြောင်းရွှေ့သယ်ယူထားခဲ့တယ်။ အခုအခါ ASBကနေ နာမည်ပြောင်းထားတဲ့ The Asiatic Societyရဲ့ ပြတိုက်ထဲမှာ လုံခြုံစွာနဲ့ ခင်းကျင်းပြသထားလေရဲ့။

kolkata_09kolkata_10

၃၈လက်မခန့် မျက်နှာပြင်ရှိ၊ ညာဘက်မှာ ၂၇လက်မခန့် မြင့်၊ ဘယ်ဘက် ၁၃လက်မခန့် မြင့်၊ ၁၁လက်မခန့် ထုရှိတဲ့ Gray Graniteကျောက်တုံးကြီးကို မြင်လိုက်ရတော့ MPhil vivaထိုင်တုန်းက Supervisorက ဒီကျောက်တုံးကြီးကို မြင်ဖူးလားလို့ မေးခဲ့တာကို သတိရမိတယ်။ ခုတော့ မြင်ရုံတင်မကဘူး။ ကိုင်တောင် ကြည့်ခဲ့ရတယ်။ မျက်မမြင်စာတွေလို ကျောက်တုံးပေါ်က စာတွေကို လက်နဲ့ စမ်းပြီးတော့ကို ဖတ်လို့ရတယ်။

kolkata_11kolkata_12

 ပိယဒဿီ ရာဇာ အစချီတဲ့ ဒီကျောက်စာကြီးကို ကိုယ်တိုင်ကိုယ်ကျ ဖတ်ခဲ့ရတာ တကယ့် အရသာပါပဲ။ ပြတိုက်တာဝန်ခံ ဒေါ်ကုလားမက ကျောက်စာဖတ်တတ်မတတ် ပညာလာစမ်းနေလို့ ဒီကျောက်စာကို အလွတ်ရကြောင်းပြောပြီး သိထားသမျှ အထူးသဖြင့် ဓမ္မပရိယာယနဲ့ ပတ်သက်ပြီး ကြွားလုံးထုတ်နေရတာနဲ့ ဓာတ်ပုံရိုက်တာတောင် နည်းသွားတယ်။ ဒီကျောက်စာလေး တစ်ချပ်ကို ကြည့်ရဖို့ မိုင်၁၀၀၀ကျော်အဝေးကနေ လာခဲ့ရတဲ့ လူတစ်ယောက်ရဲ့ ရူးသွပ်မှုကို မသိလေရော့သလား။

bairat_bhabra_rock edict

ကျောက်စာမိတ္တူပါ။ Alexander Cunninghamရဲ့ Inscriptions of Asokaစာအုပ်ထဲကပါ။ မြန်မာမူနဲ့ ဘာသာပြန်တွေကိုတော့ bolgပေါ်တင်ထားတာ ၅နှစ်ကျော်နေပြီ။ ဒီမှာ သွားကြည့်ပါ။ Meena Talimရဲ့ Edicts of King Aśoka: A New Visionစာအုပ်ထဲမတော့ မူရင်း Prakritကနေ Pāḷiဘာသာနဲ့ ပြန်ရေးထားတာ ဖတ်ရတယ်။ ဒါလဲ အရသာတစ်မျိုးပါပဲ။

bairat_bhabra_rock edict_pali

ဒီကျောက်စာနဲ့ ပတ်သက်ပြီး သုတေသနစာတမ်းတစ်စောင် ရေးနေတာ။ ၃နှစ်ရှိပြီ။ မပြီးနိုင်သေးဘူး။ ဒီကျောက်စာကြီးကို မမြင်မတွေ့ရသေးတဲ့အတွက် အဆုံးမသတ်နိုင်သေးတာလို့ ခံစားခဲ့ရတယ်။ အခုတော့ မြင်ပြီးပြီ။ ဒီတော့ စာတမ်းလဲ မကြာခင် အပြီးသတ်နိုင်လိမ့်မယ်လို့ မျှော်လင့်နေတယ်။ ဒါပြီးရင်တော့ မရောက်ရသေးတဲ့ အသောကခြေရာတွေနောက် တကောက်ကောက်လိုက်ဖို့ အခွင့်အလမ်းတွေ ရလာလိမ့်မယ်လို့လဲ မျှော်လင့်နေတယ်။ ဤခရီး နီးသလားပေါ့…။

kolkata_0012

ဇမ္ဗုဒီပါ, ယမုနာနှင့် အသောကခြေရာများ (၄)

September 13, 2013

elephant_kalsi-rock-edict

သေတဝရဝါရဏော.ယံ ဂဇတမော။

သုဝဏ္ဏပဗ္ဗတေ ရဇတပဗ္ဗတေ စရိတွာ၊

ဇမ္ဗုဒီပံ ပဒက္ခိဏံ ကတွာ၊

ဒက္ခိဏပဿံ ဖာလေတွာ၊

ကုစ္ဆိံ ပဝိဋ္ဌသဒိသော။

ဆင်ဖြူတော်မြတ်

ရွှေငွေရောင်လျံ တောင်မြင့်မိုရ်၌ ကျင်လည်

ဇမ္ဗုဒိပ်ကျွန်းကို လင်္ကျာရစ်လှည့်လည်

လင်္ကျာနံပါးကို ဖွင့်လှစ်

ဝမ်းကြာတိုက်သို့ သက်ဆိုက်သကဲ့သိုပင်တည်း။

Kalsi_01

ယမုနာမြစ်သည် Kata Patharရွာလေးမှ ၁၀ကီလိုမီတာနီးပါး ဆက်၍ စီးဆင်းသွားသည့်အခါ Kalsiရွာကို ရောက်သည်။ Kalsiသည် Uttarkhanပြည်နယ်၏ မြို့တော် Dehradunမှ ၅၀Kmခန့် ဝေးသည်။ တောင်ရိုးလေးပေါ်ရှိ ရွာလေးသည် မြို့ကြီးများကဲ့သို့ ဆူညံပွက်လောရိုက်မနေဘဲ ငြိမ်သက်နေသည်။ ထူးထူးထွေထွေ ရှာနေစရာမလို။ ရွာဈေးလမ်းနံဘေးတွင် အသောကကျောက်စာလမ်းညွှန် ဆိုင်းဘုတ်ထောင်ထားသည်ကို တွေ့ရသည်။ လမ်းကျဉ်းလေးအတိုင်း ဆင်းသွားရာ ကျောက်စာတိုက်ကို သပ်ရပ်သန့်ရှင်းနေသော ပန်းခြံလေးအလယ်တွင် တွေ့လိုက်ရသည်။ နေရာလေးက ငြိမ်းအေးသည်။

ကျောက်စာတိုက်ထဲတွင် ရှေးဟောင်းသုတေသနဌာနက တာဝန်ယူထိမ်းသိမ်းထားသော Kalsi Rock Edictဟု ခေါ်ကြသည့် ကျောက်စာကြီး ရှိနေသည်။ Mr. Forrestက ၁၈၆၀တွင် ရှာဖွေတွေ့ရှိခဲ့သည်။ ၁၉၁၂တွင် ပြည်နယ်အစိုးရမှ ကျောက်စာတိုက်ဆောက်လုပ်ပေးခဲ့သည်။ ကျောက်တုံးကြီးသည် အမြင့် ၁၀ပေ အလျား ၁၀ပေ အနံ ၈ပေခန့်ရှိပြီး အရှေ့ဘက်ခြမ်းနှင့် ဘယ်ဘက်ခြမ်းတို့တွင် ဗြဟ္မဏီအက္ခရာ၊ ပရာကရစ်ဘာသာဖြင့် ကျောက်စာများ ရေးထိုးထားသည်။ အမှတ်စဉ် (၁)မှ (၁၄)အထိ ပါဝင်သည်ဟု အသောကကျောက်စာ ပညာရှင်များက ဆိုသည်။ (ကျောက်စာမူနှင့် ဘာသာပြန်များ)

Kalsi_02

ကျောက်စာတိုက်ထဲသို့ ဝင်ကြည့်၍ မရ။ မျက်နှာစာကိုမူ ဖွင့်ထား၍ ကျောက်တုံးကြီးကို ကောင်းစွာ မြင်ရသည်။ ကျောက်တုံးကြီး ရှေ့တွင် ရပ်လျက် ကျောက်စာများကို ဖတ်ဖို့ရန် စိတ်ကူး မရ။ ကျောက်တုံးကြီးရှေ့သို့ ရောက်ဖြစ်သည့်အနေအထားကိုပဲ အရသာခံဖြစ်သည်။ အလွန် ကောင်းမွန်သည့် မိတ္တူများနှင့် ဘာသာပြန်များ ရှိနေပြီးဖြစ်၍ အေးဆေးစွာ စာအုပ်ဖွင့် ဖတ်လျှင် ပိုအဆင်ပြေသည်။ ကျောက်တုံးကြီး၏ ညာဘက်ခြမ်းတွင် ဆင်ရုပ်တစ်ရုပ် ရေးထွင်းထားပြီး “ဂဇတမ”ဟု ရေးထားသည်ကိုမူ အလွယ်တကူ မြင်နိုင်သည်။

Kalsi_03

ရောက်တုန်းရောက်ခိုက်မို့ လေးဘက်လေးတန် လှည့်ပတ်ကြည့်သည်။ ဤနေရာသည် ဟိမဝန္တာတောင်ပေါ်မှ စီးဆင်းလာသော ယမုနာမြစ် မြေပြန့်ပိုင်းသို့ သက်ဝင်ရာဖြစ်၍ ယမုနာဒွါရဟုဆိုနိုင်သည်။  ယမုနာမြစ်အစဖြစ်သည့် Yamunotriသို့ သွားရောက်လည်ပတ်ရာ လမ်းကြောင်းတွင် ခရီးတစ်ထောက် ရပ်နားရာလည်းဖြစ်နိုင်သည်။ ဟိမဝန္တာတောင်ခြေ ဇမ္ဗုဒိပ်၏ အနောက်မြောက်တံခါးဝတွင် အသောက၏ ဓမ္မဝိဇယလမ်းစဉ်ကို ခန့်ခန့်ကြီး ကြွေးကြော်ရာ နေရာလည်းဖြစ်နိုင်သည်။ ဤတံခါးမှ ဝင်လာသူများ တိုက်စည်တိုက်မောင်းသံကို တိုးတိတ်စေ၍ ဓမ္မအောင်သံကိုသာ ကြူးရင့်ကြဖို့ရာ သတိပေးသည့် နေရာလည်းဖြစ်နိုင်သည်။

Kalsi_04

ဆောင်းဦးမနက်ခင်း နေခြည်နုနုအောက်တွင် ယမုနာတောင်ကြားလွင်ပြင်သည် ဝိုးတိုးဝါးတား လှနေသည်။ ကျောက်စာတိုက် အရှေ့ဘက်ခြမ်း၌ လယ်ကွင်းများ ရှိနေသည်။ ကောက်ရိတ်ပြီးချိန် ရွာသားများ အလုပ်ရှုပ်နေကြသည်။ ကလေးတစ်ယောက် ကွင်းထဲတွင် ဆော့နေသည်။ မျိုးဆက်သစ်လေးသည် ရှေးဟောင်းကျောက်စာများကို စိတ်ဝင်တစား ရှိမည့်ပုံမပေါ်။ နောင်တစ်ချိန်တွင်မူ အသောက၏ ဓမ္မပြန်တမ်းများကို သူသိလာကောင်း သိလာနိုင်သည်။ ကျောက်တုံးကြီးကား စောင့်မျှော်လျက်ပင်။

major rock edict of asoka_kalsi_01major rock edict of asoka_kalsi_02ကျောက်စာမူ ၂စောင်ကို A. Cunninghamရဲ့ Inscriptions of Asokaစာအုပ်မှ ရရှိသည်။

ဇမ္ဗုဒီပါ, ယမုနာနှင့် အသောကခြေရာများ (၃)

August 25, 2013

yamuna bank

ပဗ္ဗတေယျာ.ယံ နဒီ၊

သီတောဒကာ နီလောဒကာ၊

ဂစ္ဆ၊ ပဝိသ၊ နှာယ၊

ခေဒံ ဝိနောဒေတုံ မလံ ဝိသောဒေတုံ၊

တောင်ကျမြစ်

အေးမြမြ… ပြာလွလွ…

သွား… ဝင်… ချိုး…

အနွမ်းပြေ… အညစ်ပြေ….

Doonတောင်ကြားရှိ လမ်းကလေးသည် ဖြူးနေသည်။ စိမ်းလို့ စိုလို့ပင်။ လမ်းတဖက်တချက်တွင် တောင်ရိုးကြောကို ကောင်းစွာ မြင်ရသည်။ တောင်ခါးပန်းတွင် လှေခါးထစ် လယ်ကွက်များ၊ အခြေပိုင်းတွင် လယ်ကွင်းများကို တွေ့ရသည်။ လမ်းကြောအတိုင်း Kata Patharရွာသို့ တက်သွားသည်။

kata pathar_01

ဟိမဝန္တာတောင်တန်းပေါ်ရှိ Yamunotriမှ မြစ်ဖျားခံ၍ စီးဆင်းလာသော ယမုနာမြစ်သည် Uttarakhandပြည်နယ် Doonတောင်ကြားထဲရှိ Kata Patharရွာတွင် မြေပြန့်ပိုင်းကို စတင်၍ ရောက်ရှိသည်ဟု ဆိုကြသည်။ Kata Patharသည် တောင်ရိုးလေးပေါ်တွင် ရှိသည်။ ယမုနာမြစ်ကြောင်းကို တောင်ရိုးပေါ်မှ လှမ်းမြင်နေရသည်။ မြစ်ကမ်းနားရောက်အောင် အတော် ဆင်းရသေးသည်။ စာသင်ကျောင်း တစ်ကျောင်းအတွင်းမှ ဖြတ်ဆင်းလာပြီး လယ်ကွင်းများကို ဖြတ်ရသည်။ ရာသီကား ဆောင်းဦးပေါက်ဖြစ်၍ ကောက်ရိတ်ပြီးချိန်ဖြစ်သည်။ ကမ်းပါးရံပေါ်မှ တသွင်သွင်စီးနေသော မြစ်ကို တွေ့ရသည်။ ရွာသားများ ရေလမ်းကြောင်းကို ရွာဘက်သို့ စီးစေရန် ပြင်နေကြသည်။ နွေဦးရာသီ ရေသွင်းစိုက်ပျိုးရေးအတွက်ဖြစ်မည်။

kata pathar_02

ကမ်းပါးယံနားရှိ တောလမ်းလေးအတိုင်း ဆက်ဆင်းရာ မြစ်ကမ်းနံဘေးရောက်သည်။ ယမုနာမြစ်ရေသည် မယုံနိုင်လောက်အောင် ပြာလဲ့ပြီး ကြည်လင်နေသည်။ ကမ်းပါးနှစ်ဘက်တွင် ကျောက်တုံးကြီးငယ်တို့သာ တွေ့ရသည်။ တောင်ရိုးများက ယမုနာမြစ်ကို ကာရံထားကြသည်။ ပတ်ဝန်းကျင်သည် ငြိမ်သက်နေသည်။ ရေစီးသံကိုသာ ကြားရသည်။

kata pathar_03

မြစ်ကမ်းအထိ သွားပြီး တသွင်သွင်စီးနေသည့် ရေစီးကို တို့ထိကြည့်မိသည်။ စိမ့်စိမ့်လေး အေးမြနေသည်။ ဤမျှလောက် သန့်စင်ကြည်လင်နေသည့် မြစ်ထဲတွင်မှ ရေချိုးမဆင်းလိုက်ရလျှင် လူမိုက်ဖြစ်သွားနိုင်သည်။ အိန္ဒိယတွင် ပထမဆုံးအကြိမ် မြစ်ထဲတွင် ရေဆင်းချိုးဖူးခြင်းပင်။ ရေစီး၏ အတွေ့အထိကား အံ့သြဖွယ်ရာ နုအိအေးမြနေသည်။ ရေအနက်မှာ ခါးတစ်ဝက်မျှသာ ရှိသည်။ မြစ်ကြမ်းပြင်မှ ကျောက်တုံးလေးများကို ကောင်းစွာမြင်ရသည်။ ဒီဇိုင်းမျိုးစုံ အရွယ်မျိုးစုံ ကျောက်တုံးလေးများကို ကောက်ယူပြီး ကလေးတစ်ယောက်လို မြစ်ရေပြင်ပေါ်တွင် လျှပ်တိုက်သွားအောင် ပစ်နေမိသည်။ နိုဝင်ဘာနေခြည်နုနုနှင့် ရာသီဥတုကား သာသာယာယာပင်။ အေးမြမြ သဘာဝရေထဲတွင် ရေချိုးရင်း ကိုယ်တွင်းကိုယ်ပ အညစ်အကြေးများ စင်ကြယ်သန့်ရှင်းသွားသည်ဟု ခံစားမိသည်။

kata pathar_04

ယမုနာမြစ်ခရီးစဉ်တစ်ကြော၏ သမိုင်းဦးကို တွေ့မိသူကဲ့သို့ ကြည်နူးမိလျက် မြစ်ကမ်းနဘေးတွင် ရေချိုးပြီးစ အပန်းဖြေရင်း တသွင်သွင် စီးနေသည့် ယမုနာမြစ်ကို အားပါးတရ ကြည့်နေမိသည်။ ပဗ္ဗတေယျ ဒူရင်္ဂမ သီဃသောတဖြစ်သည့် ယမုနာမြစ်သည် နောက်ပြန်လှည့်ဖို့ရာ အကြောင်းမရှိ။ ဆက်၍ စီးလျက် ဆင်းလျက်ပင်။ ရှေ့လမ်းခရီးတွင် အသောကကျောက်စာများကား စောင့်ဆိုင်းလျက်။

ဇမ္ဗုဒီပါ, ယမုနာနှင့် အသောကခြေရာများ (၂)

July 20, 2013

door

ဝိဝရ ဒွါရံ။

ဥဇု ဝတ မဂ္ဂေါ ပဋိပန္နကဿ။

ဂစ္ဆ ပဒါနုပဒံ အနုဗန္ဓိတွာ။

တံခါး ဖွင့်ပါ။

လမ်းလျှောက်သူအတွက် လမ်းဖြောင့်ဆဲ။

ခြေရာကောက်ရင်း သွားပေါ့။

chandigarh to kalsi_03

Dehradunသို့ သွားရန် အကြောင်းတိုက်ဆိုင်လာပုံက ဆန်းသည်။ Indian Society for Buddhist Studies၏ ၁၂ကြိမ်မြောက် နှစ်ပတ်လည် Conferenceကို တက်ရောက်၍ စာတမ်းဖတ်ရန် စိတ်ကူးရှိခဲ့သည်။ မူလက ထိုပွဲကို Uttarakhandပြည်နယ်၊ Haridwarမြို့တွင် ကျင်းပရန် စီစဉ်ထားသည်။ Haridwarမြို့သို့ ရောက်ဖူးပြီးဖြစ်သောကြောင့် သွားလိုသည့် ဆန္ဒမှာ အနည်းငယ်သာ​ ရှိခဲ့သည်။ မည့်သည့်အကြောင်းကြောင့်မှန်းမသိ။ Conferenceကျင်းပမည့် နေရာကို ထိုမြို့မှ ကီလိုမီတာ၅၀ခန့်ဝေးသော Dehradunမြို့သို့ ပြောင်းလဲလိုက်ကြောင်းကို ဖိတ်ကြားစာ ပို့လာသည့်အခါမှ သိလိုက်ရသည်။  အတိုင်းမသိ ပျော်ရွှင်မိသည်။ အမှန်တကယ် ရောက်လိုသည့် နေရာကား Dehradunပင်။ ဟိမဝန္တာတောင်ခြေ Doonတောင်ကြားရှိ ပင်လယ်ရေပြင်အထက် ပေ၂၂၀၀ခန့်တွင် တည်ရှိသော ထိုမြို့နှင့် မလှမ်းမကမ်းတွင် အသောကကျောက်စာကြီး ရှိနေသည်ကို သိထားသောကြောင့်ပင်ဖြစ်သည်။ ထိုကျောက်စာကြီးသို့ ခရီးစဉ်အိပ်မက်ကား အကောင်အထည် ပေါ်ခဲ့လေပြီ။

doon universtiy_01

Dehradunရှိ Doonတက္ကသိုလ်သည် နိုဝင်ဘာဆောင်းဦးတွင် အေးမြလှပ၍ နေချင့်စဖွယ်ဖြစ်သည်။ တည်ထောင်သည်မှာ မကြာသေးသည့်အတွက် ဆောက်လုပ်ဆဲလုပ်ငန်းများကို တွေ့နေရသည်။ မနက်စောစော ကျောင်းဝင်းအတွင်း လမ်းလျှောက်ရသည်မှာ အရသာရှိလှသည်။ နေအထွက်နှင့် ပင်မကျောင်းဆောင်ကြီးကို မြင်ရသည်မှာလည်း ခမ်းနားလှသည်။ ထိုအဆောက်အဦထဲတွင် Conferenceကျင်းပသည်။ Conferenceတွင် အသောကကျောက်စာသင်ခန်းစာများကို ပို့ချပေးခဲ့သည့် Delhiတက္ကသိုလ်မှ ဆရာနှင့်လည်း ဆုံဖြစ်၍ Kalsiကျောက်စာကြီးနှင့် ပတ်သက်သော အချက်အလက်များကို မေးမြန်းစုံစမ်းဖြစ်သည်။ ကံကောင်းခြင်းလက်ဆောင်ပင်။ မိတ်ဟောင်းဆွေဟောင်းများနှင့်လည်း တွေ့ရသည်။  Indian Society for Buddhist Studiesကို စတင် တည်ထောင်သူများထဲတွင့် ကိုယ့်ရဲ့ co-supervisorလည်း ပါသည်။ သို့သော် သူကား မလာနိုင်။ ဒီပွဲကို သွားရန် တိုက်တွန်းသည့် ကိုယ့် supervisorကို ကျေးဇူးတင်ရမည်။ Conferenceက ၃ရက်ကြာသည်။ ဖတ်ရမည့် စာတမ်းကို ဖတ်သည်။ အာရုံက Kalsiကျောက်စာကြီးဆီသို့ ရောက်နေသည်။ ပွဲအပြီးတွင် Dehradunမှ Kalsiသို့ ထွက်ခဲ့သည်။

doon university_02

Dehradunမြို့တွင် လေ့လာကြည့်ရှုဖို့ရန် စိတ်ကူးမရှိ။ မြို့ထဲမှ အထွက် Kalsiသို့ အသွားလမ်းပေါ်တွင် တွေ့ရာမြင်ရာများကို ကြည့်၍ တောင်ပေါ်မြို့လေးရှိ အထင်ကရ နေရာများကို သိမြင်ရသည်။ National Forest Academyရှိသည်။ Indian Military Academyရှိသည်။ University of Petroleum and Energy Studiesရှိသည်။ အခြားသော  ပညာရေးဆိုင်ရာ နံမည်ကျော် Institutionများစွာရှိသည်ဟုလည်း သိရသည်။ ကျောင်းတံခါး များများ ပွင့်ခြင်းသည်လည်း အနာဂတ်အိပ်မက်များ ပွင့်လန်းဖြစ်ထွန်းစေမည့် အခြေခံအကြောင်းပင်ဖြစ်သည်။

glimpse of dehradun

Doon တောင်ကြားသည် မုတ်သုန်ရာသီတွင် Maharashtraကမ်းရိုးတမ်းကဲ့သို့ မိုးကောင်းစွာ ရသည်ဟု ဆိုသည်။ ဦးတည်ရာ လမ်းခရီးသည်ကား စိမ်း၏။ မြ၏။ အသောကခေတ်တွင်မူ မာဂဓနိုင်ငံ မြို့တော်ပါဋလိပုတ္တနှင့် အနောက်မြောက်ပိုင်းဒေသများဖြစ်သော ကသ္မီရ၊ ဂန္ဓာရတို့ ဆက်သွယ်ရာ လမ်းကြောင်းဖြစ်မည်။ ဤခရီးကို တစ်ချိန်က Xuanzang ဖြတ်သွားခဲ့ဖူးမည်။ Srughnaတိုင်းဟု ခေါ်သည်။ မြို့တော်ဟောင်းသည် ယခုအခေါ် Kalsiမြို့ငယ်လေး နေရာဖြစ်နိုင်သည်ဟု ဆိုသည်။ ယခု သွားနေသည်မှာလည်း Kalsiသို့ပင်ဖြစ်သည်။

အစအန >>> ဇမ္ဗုဒီပါ, ယမုနာနှင့် အသောကခြေရာများ (၁)

အစိမ်းလမ်း (၇)

June 14, 2013

green bodhi

ရော ဧကော သိဒ္ဓတ္ထော။
သလံ ဒေ၀ါဟိနိံ။
ယဓမ္မံ ဇာပေသိ၊
ရသက္ခီ သုန္ဓရီ။

ဘုရားလောင်း သိဒ္ဓတ္ထသည်
အကူအညီမပါ တစ်ကိုယ်ထဲသာလျှင်
မာရ်စစ်သည် အပေါင်းကို
အောင်နိုင်တော်မူခဲ့လေပြီ။
ပထ၀ီမြေအထုက သက်သေပြုခဲ့သည် မဟုတ်ပါလား။

vasudari

ပါဠိစာပေရဲ့ အလင်္ကာအလှ တစ်ခုဖြစ်တဲ့ စင်္ကြာဂါထာကို အရမ်း နှစ်သက်တယ်။ ဒီဂါထာနဲ့ ပတ်သက်ပြီး ပြောခဲ့ဖူးတယ်။ ‘ဝ’အက္ခရာကို အလည်မှာ တည်ထားလို့ ဝစင်္ကြာဂါထာလို့ ခေါ်နိုင်မယ်။ စက်ဝိုင်းတွေနဲ့ ပုံဖော်လေ့ရှိတယ်။ ကိုယ်ပိုင်ဟန်အနေနဲ့ ဗောဓိညောင်ရွက်တွေနဲ့ ဖန်တီးထားလို့ ဗောဓိစင်္ကြာဂါထာလို့ ခေါ်ချင်တယ်။

ဒီဂါထာမျိုးတွေ မရေးဖြစ်တော့တာ ဆယ်စုနှစ် တစ်ခုနီးပါး ရှိနေပြီ။ ဘဝဟာ ဒီလိုပါပဲ။ ဝလုံးကလေးကိုမှ ဝိုင်းအောင် မရေးနိုင်ဘူး။ အမြဲတမ်းလဲ မဝနိုင်ဘူး။ မဝတဝဖြစ်နေတာ များတယ်။ ကိုယ့်အကြောင်းနဲ့ ကိုယ်ပါပဲ။ ကိုယ့်လမ်းကိုယ်လျှောက်တာပါပဲ။

လမ်းဆုံးကို မရောက်ခင် လမ်းဆုံတွေ ကြုံရမှာပါ။ လမ်းမှန်ပေါ် မရောက်ခင် လမ်းမှားတွေ ကြုံရမှာပါ။ လမ်းကောင်းပေါ် မရောက်ခင် လမ်းဟောင်းတွေ ကြုံရမှာပါ။ လမ်းပေါ် မရောက်ခင် လမ်းပျောက်တွေ ကြုံရမှာပါ။ လက်ရှိအခြေအနေမှာတော့ “ဆူးခင်းလမ်း မာခေါင်ခေါင်မှာ ဖိနပ်မပါတဲ့ ငါ GPSရှာမရသကဲ့သို့” ဖြစ်နေတာ အမှန်ပါပဲ။

အစိမ်းလမ်း (၂)

March 11, 2013

green way

ယတ္ထ အဝိနဒ္ဓံ။

တတ္ထ အဝေဒယိတံ။

မဖွဲ့မယှက်

မခံမစား

အဆက်အစပ် >>> အစိမ်းလမ်း (၁)

ဇမ္ဗုဒီပါ, ယမုနာနှင့် အသောကခြေရာများ (၁)

February 13, 2013

asoka's footsteps on Yamuna

Indiaနိုင်ငံ Uttarakhandပြည်နယ် Lower Himalayaတောင်တန်း ပင်လယ်ရေပြင်အထက် ပေ၂၁၀၀၀ခန့် အမြင့်ရှိ Yamunotriရေခဲမြစ်မှ စတင်မြစ်ဖျားခံ၍ စီးဆင်းလာသော ယမုနာမြစ်သည် Uttar Pradeshပြည်နယ် Allahabadမြို့တွင် ဂင်္ဂါမြစ်ထဲသို့ စီးဝင်သွားသည်။ ကီလိုမီတာ ၁၄၀၀ခန့် ရှည်လျားသည့် ယမုနာမြစ်သည် Indiaနိုင်ငံ၏ ရှေးဟောင်း ခေတ်သစ်သမိုင်းတို့ကို သယ်ဆောင်စီးမျှောလျက်ရှိသည်မှာ ရာစုနှစ်ပေါင်းများစွာ ရှိနေပြီ။

ယမုနာမြစ်တစ်ကြောနှင့် ပတ်သက်သော Indiaနိုင်ငံ၏ သမိုင်းကြောင်းများထဲမှ ရာဇဝင်တွင် အထင်ကရ ဘုရင်တစ်ပါးဖြစ်သည့် အသောကနှင့် ပတ်သက်သော အချက်အလက်များကို အထူးပြု၍ ပြောလိုသည်။ စာပေကျမ်းဂန်ထဲမှ အချက်အလက်များနှင့် ရှေးဟောင်းသုတေသနဆိုင်ရာ ရှာဖွေတွေ့ရှိချက်များသည် အသောကမင်း၏ စံတင်လောက်သော ခမ်းနားကြီးကြယ်မှုကို အထောက်အပံ့ပြုနေကို တွေ့ရမည်ဖြစ်သည်။ ထိုတွင် ရှေးဟောင်းအထောက်အထား ခိုင်လုံစွာ ပြနိုင်သည့် အသောကကျောက်စာများသည် အသောကသုတေသီတို့အတွက် အလွန် အရေးပါသည့် မှတ်တမ်းများ ဖြစ်နေသည်ကို တွေ့ရသည်။ B.C. ၃ရာစု မောရိမင်းနွယ် အသောကမင်း စိုးစံစဉ် ဇမ္ဗူဒိပ်၌ ရေးထိုးထားခဲ့သော ကျောက်စာများကို A.D. ၁၈ရာစုနှောင်းပိုင်းတွင် စတင် ရှာဖွေတွေ့ရှိခဲ့ကြပြီး ထိုအချိန်မှ စ၍ အသောကလေ့လာရေးဆိုင်ရာ သုတေသနလုပ်ငန်းများသည် ၂၁ရာစုတိုင် အဆက်မပြတ် ဆောင်ရွက်နေသည်ကို တွေ့ရသည်။

ယမုနာမြစ်ရိုးတစ်လျှောက်တွင် အသောကကျောက်စာများကို ရှာဖွေတွေ့ရှိထားသည်။ မြစ်ဖျားပိုင်းတွင် (၁) Kalsiကျောက်စာကြီး၊ မြစ်လယ်ပိုင်းတွင် (၂) Delhi-Topra ကျောက်စာတိုင်ကြီး၊ (၃) Delhi-Meerut ကျောက်စာတိုင်ကြီး၊ (၄) Delhi-Bahapur ကျောက်စာငယ်၊ မြစ်ဆုံးပိုင်းတွင် (၅) Allahabad-Kosam ကျောက်စာတိုင်ကြီး၊ (၆) Kosambiကျောက်စာတိုင်ငယ်နှင့် (၇) Queenကျောက်စာတိုင်ငယ်တို့ ရှိကြသည်။

အိန္ဒိယတွင် နေထိုင်စဉ်ကာလ ဆယ်စုနှစ် သုံးပုံနှစ်ပုံအတွင်း သွားရင်းလာရင်းဖြင့် ယမုနာမြစ်ဖျားမှ မြစ်ဆုံးပိုင်းအထိ ရောက်ခဲ့သည်။ ဦးစွာ မြစ်လယ်ပိုင်းကို  ရောက်ခဲ့ပြီးမှ နှစ်အနည်းငယ် နေခဲ့ရသည်။ ထို့နောက် မြစ်ဆုံးပိုင်းကို ရောက်ဖူးခဲ့သည်။ နောက်ဆုံးမှသာ မြစ်ဖျားပိုင်းကို ရောက်ရှိပြီး ယမုနာမြစ်တစ်ကြောရှိ ကျောက်စာများကို အစီအစဉ်အတိုင်း မြင်မိသည်။ လောက-ဓမ္မ-သဘာဝအနှစ်သာရ အပြည့်ပါ့သည့် အသောကကျောက်စာများ ရှိရာသို့ ရောက်ဖြစ်ခဲ့သည်မှာ အလွန် ကြည်နူးဖွယ်ရာ ကောင်းလှသည်။

ယမုနာမြစ်ကမ်းနှင့် မလှမ်းမကမ်းတွင် နေထိုင်ရင်း ယမုနာရေစီးသံကို နာခံရင်းဖြင့် ပိဋကတ်တော်လာ အသောကနှင့် ကျောက်စာလာ အသောကတို့၏ အနေအထားကို တိုက်ဆိုင်ကြည့်ရှုခြင်း၊ ပိဋကတ်စာနှင့် ကျောက်စာကို ယှဉ်တွဲလေ့လာခြင်း၊ ဗုဒ္ဓဓမ္မနှင့် အသောကဓမ္မတို့၏ သဘောတရားများကို နှိုင်းဆသုံးသပ်ခြင်းစသည့် အသောကလေ့လာရေးလုပ်ငန်းများကို ဆောင်ရွက်ခွင့် ရနေသည်မှာ အလွန်ပင် ကံကောင်းလှသည်ဟုပင် မှတ်ထင်မိသည်။

ခရီးထွက်ဖြစ်သည့်အခါတိုင်း အလျဉ်းသင့်သလို Blogပေါ်တွင် postများ တင်ဖြစ်သည့်အတွက် အသောကကျောက်စာများနှင့် ပတ်သက်သည့် အချက်အလက်အချို့၊ ဓာတ်ပုံအချို့မှာ တင်ပြီးသားဖြစ်သော်လည်း ယမုနာတစ်ကြောရှိ အသောကကျောက်စာများကို သီးခြားထပ်၍ ပြောလိုသည့်အတွက် ယမုနာကမ်းပါးရှိ အသောကခြေရာတို့ကို စုဆောင်းခြေရာကောက်ရခြင်းဖြစ်သည်။ ရာစုသစ်တွင် ယမုနာမြစ်ရေသည် နောက်ကျိကျိ ဖြစ်နေပြီ။ အသောကခြေရာသည်လည်း ပျောက်လုလု ဖြစ်နေပြီ။

အစိမ်းလမ်း

January 18, 2013

sambodhi

 

ယေန မဟာဗောဓိ တဒဝသရိံ၊

ကုတော တတ္ထ သမ္ဗောဓိပရာယဏော?

ဒီမှာ မဟာဗောဓိ။

ဘယ်မှာလဲ သမ္ဗောဓိ?

နောက်ကြည့်မြစ်

November 18, 2012

နဒီ ပဗ္ဗတေယျာ ဒူရင်္ဂမာ သီဃသောတာ ဟာရဟာရိနီ

သန္ဒတေဝ ဝတ္တတေဝ ဤသကမ္ပိ န နိဝတ္တတိ။

တောင်ပေါ်က ဆင်းလာတဲ့ မြစ်

ခရီးဝေး သွားတယ်။

ရေစီးလည်း သန်တယ်။

မျှောသမျှ သယ်တယ်။

မနားဘူး။

မရပ်ဘူး။

နောက်ပြန် မလှည့်ဘူး။

ဒါပေမယ့် နောက်ပြန်ကြည့်ဖို့ ကြိုးစားမိတယ်…။

(more…)


%d bloggers like this: