ဇမ္ဗုဒီပါ, ယမုနာနှင့် အသောကခြေရာများ (၃)

yamuna bank

ပဗ္ဗတေယျာ.ယံ နဒီ၊

သီတောဒကာ နီလောဒကာ၊

ဂစ္ဆ၊ ပဝိသ၊ နှာယ၊

ခေဒံ ဝိနောဒေတုံ မလံ ဝိသောဒေတုံ၊

တောင်ကျမြစ်

အေးမြမြ… ပြာလွလွ…

သွား… ဝင်… ချိုး…

အနွမ်းပြေ… အညစ်ပြေ….

Doonတောင်ကြားရှိ လမ်းကလေးသည် ဖြူးနေသည်။ စိမ်းလို့ စိုလို့ပင်။ လမ်းတဖက်တချက်တွင် တောင်ရိုးကြောကို ကောင်းစွာ မြင်ရသည်။ တောင်ခါးပန်းတွင် လှေခါးထစ် လယ်ကွက်များ၊ အခြေပိုင်းတွင် လယ်ကွင်းများကို တွေ့ရသည်။ လမ်းကြောအတိုင်း Kata Patharရွာသို့ တက်သွားသည်။

kata pathar_01

ဟိမဝန္တာတောင်တန်းပေါ်ရှိ Yamunotriမှ မြစ်ဖျားခံ၍ စီးဆင်းလာသော ယမုနာမြစ်သည် Uttarakhandပြည်နယ် Doonတောင်ကြားထဲရှိ Kata Patharရွာတွင် မြေပြန့်ပိုင်းကို စတင်၍ ရောက်ရှိသည်ဟု ဆိုကြသည်။ Kata Patharသည် တောင်ရိုးလေးပေါ်တွင် ရှိသည်။ ယမုနာမြစ်ကြောင်းကို တောင်ရိုးပေါ်မှ လှမ်းမြင်နေရသည်။ မြစ်ကမ်းနားရောက်အောင် အတော် ဆင်းရသေးသည်။ စာသင်ကျောင်း တစ်ကျောင်းအတွင်းမှ ဖြတ်ဆင်းလာပြီး လယ်ကွင်းများကို ဖြတ်ရသည်။ ရာသီကား ဆောင်းဦးပေါက်ဖြစ်၍ ကောက်ရိတ်ပြီးချိန်ဖြစ်သည်။ ကမ်းပါးရံပေါ်မှ တသွင်သွင်စီးနေသော မြစ်ကို တွေ့ရသည်။ ရွာသားများ ရေလမ်းကြောင်းကို ရွာဘက်သို့ စီးစေရန် ပြင်နေကြသည်။ နွေဦးရာသီ ရေသွင်းစိုက်ပျိုးရေးအတွက်ဖြစ်မည်။

kata pathar_02

ကမ်းပါးယံနားရှိ တောလမ်းလေးအတိုင်း ဆက်ဆင်းရာ မြစ်ကမ်းနံဘေးရောက်သည်။ ယမုနာမြစ်ရေသည် မယုံနိုင်လောက်အောင် ပြာလဲ့ပြီး ကြည်လင်နေသည်။ ကမ်းပါးနှစ်ဘက်တွင် ကျောက်တုံးကြီးငယ်တို့သာ တွေ့ရသည်။ တောင်ရိုးများက ယမုနာမြစ်ကို ကာရံထားကြသည်။ ပတ်ဝန်းကျင်သည် ငြိမ်သက်နေသည်။ ရေစီးသံကိုသာ ကြားရသည်။

kata pathar_03

မြစ်ကမ်းအထိ သွားပြီး တသွင်သွင်စီးနေသည့် ရေစီးကို တို့ထိကြည့်မိသည်။ စိမ့်စိမ့်လေး အေးမြနေသည်။ ဤမျှလောက် သန့်စင်ကြည်လင်နေသည့် မြစ်ထဲတွင်မှ ရေချိုးမဆင်းလိုက်ရလျှင် လူမိုက်ဖြစ်သွားနိုင်သည်။ အိန္ဒိယတွင် ပထမဆုံးအကြိမ် မြစ်ထဲတွင် ရေဆင်းချိုးဖူးခြင်းပင်။ ရေစီး၏ အတွေ့အထိကား အံ့သြဖွယ်ရာ နုအိအေးမြနေသည်။ ရေအနက်မှာ ခါးတစ်ဝက်မျှသာ ရှိသည်။ မြစ်ကြမ်းပြင်မှ ကျောက်တုံးလေးများကို ကောင်းစွာမြင်ရသည်။ ဒီဇိုင်းမျိုးစုံ အရွယ်မျိုးစုံ ကျောက်တုံးလေးများကို ကောက်ယူပြီး ကလေးတစ်ယောက်လို မြစ်ရေပြင်ပေါ်တွင် လျှပ်တိုက်သွားအောင် ပစ်နေမိသည်။ နိုဝင်ဘာနေခြည်နုနုနှင့် ရာသီဥတုကား သာသာယာယာပင်။ အေးမြမြ သဘာဝရေထဲတွင် ရေချိုးရင်း ကိုယ်တွင်းကိုယ်ပ အညစ်အကြေးများ စင်ကြယ်သန့်ရှင်းသွားသည်ဟု ခံစားမိသည်။

kata pathar_04

ယမုနာမြစ်ခရီးစဉ်တစ်ကြော၏ သမိုင်းဦးကို တွေ့မိသူကဲ့သို့ ကြည်နူးမိလျက် မြစ်ကမ်းနဘေးတွင် ရေချိုးပြီးစ အပန်းဖြေရင်း တသွင်သွင် စီးနေသည့် ယမုနာမြစ်ကို အားပါးတရ ကြည့်နေမိသည်။ ပဗ္ဗတေယျ ဒူရင်္ဂမ သီဃသောတဖြစ်သည့် ယမုနာမြစ်သည် နောက်ပြန်လှည့်ဖို့ရာ အကြောင်းမရှိ။ ဆက်၍ စီးလျက် ဆင်းလျက်ပင်။ ရှေ့လမ်းခရီးတွင် အသောကကျောက်စာများကား စောင့်ဆိုင်းလျက်။

Advertisements

4 Responses to “ဇမ္ဗုဒီပါ, ယမုနာနှင့် အသောကခြေရာများ (၃)”

  1. nayla Says:

    ရေချိုးချင်အောင် ရေးတယ်

  2. စီးဆင်းရင်ခွင် Says:

    ကိုယ်တွင်း အညစ်အကြေးတောင် စင်ကြယ်သန့်စင်တယ်ဆိုတော့ မဖြစ်ဖြစ်အောင် သွားချိုးရမယ်..။ ဘယ်မှာလဲ ကိုနတ်.။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: